တခြားသူများအတွက် အမှန်တရားသည် ငါ့အတွက်မှိုင်းပါ ကြေကွဲဖွယ်မုသားဖြစ်၏
ဟုတစ်စုံတစ်ယောက်က ပြောဖူးသလိုရှိ၏။ ငါဘယ်မှာလဲ...... စူးရဲလင်းလက်သော ကာရန်များအတွင်းမှာ ကဗျာသည်နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ တောက်ပလေးလံသော အရောင်များအတွင်းမှာ ပန်းချီသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ ကြီးကြယ်ခမ်းနားသော အနက်တွေကြားမှာစကားလုံးသည် နစ်မြုပ်ပျောက်ကွယ်ခဲ့၏။ နှလုံးသားသည်ငှက်ငယ်၏ နှလုံးသားလို ရိုးသားခေါင်းမာစွာတစိုက်မတ်မတ်၊ မနက်ခင်းတေးသီ၊ တစ်နေကုန်ပျံသန်း၊ ညနေချမ်းမှာနွမ်းလျစွာတစိုက်မတ်မတ်၊ အပြောင်းအလဲမရှိဘ၀ဆိုတာ ဆန်းပြားထွေထူးသောအရာလား၊ ဘယ်လောက်အထိထူးထွေဆန်းပြားနိုင်လဲ...။ တောအုပ်သစ်ပင်တွေကြားမှာဇာပ၀ါဝှေ့  ရမ်းသလိုမြူတွေတန်းနေ၏။
ဝိုးဝါးမသဲကွဲခြင်း သည်အလှတရားဖြစ်သည်။ ဘ၀မှာအဆင်ပြေ ညီညွတ်တာဘာရှိသလဲ....
အဆင်မပြေခြင်း၊ မညီညွတ်ခြင်းတို့ ၏ ဟိုဘက်မှာ.....။
အချို့ သူများ အမှတ်လိုချင်ကြသည်။ ဘာလိုချင်ပြန်ပြီလဲ......။လောကမှာမိဘမေတ္တာကလွဲလို့  ဘာမှအလကားမရ......
တန်ရာတန်ကြေးပေးကြရသည် ချည်းသာဖြစ်သည်။
အမေ့ ကိုချစ်သည်၊ ဖြူ့ ကိုချစ်သည်၊ ဒေါ်မေရှင်ကိုချစ်သည်၊ ကနောင်မင်းသားကြီးကိုချစ်သည်၊ သခင်ကိုယ်တော်မှိုင်းကိုချစ်သည်၊ကဗျာကိုချစ်သည်၊ ဆောင်းရာသီကိုချစ်သည်၊ ပုဂံကိုချစ်သည်၊ လရောင်ကိုချစ်သည်၊ ဟိုဘက်လမ်းကတောင်မရောက် မြောက်မရောက်ကောင်မလေးကိုချစ်သည်။ မြ၀တီမင်းကြီးဦးစကိုချစ်သည်.... တရားမျှတမှုကိုချစ်သည်။ ချစ်တာတွေများနေပြီ၊ မုန်းတာတွေပြောပါလား ပြောလာရင်တော့ ..... ကျွန်တော် ဒီနေရာမှာရပ်သင့်ပြီ...။
