ရောင်းကုန်အသစ်  

Posted by မိုးအိမ့်ဖြူ

ကဗျာစာအုပ်ထဲသို့ ကျားသစ်တစ်ကောင်ဝင်လာနေသည်

ထောင့်ကျဉ်းများကိုမြင်တွေ့ ကတည်းက ဂျီသြမေတြီ ဘာသာရပ်ကို မဖြေဆိုတော့ရန်

ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။

တစ်ခါတစ်ရံ သိပ်အထီးကျန်ဆန်နေတယ် မထင်ဘူးလား

မှန်ထဲမှာလို လူတွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပြုံးကြည့်၊မဲ့ကြည့်၊ပဋိဇီဝစကားပြောကြည့်

အမည်ကတော့ .....မေးတော့မှဖြေပါ။

ကျွန်တော် တမင်ခက်ခဲအောင်လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး

ဒီမှာကြည့် ကျွန်တော့်လက်တွေ ဘယ်သူ့ ကိုမဆို ဘယ်သူနဲ့ မဆို

လက်ဆွဲနှုတ်ဆက် ဖက်လှည်းတကင်း ရင်းနှီးဆက်ဆံချင်သူပါ

ခက်တာကကျွန်တော့်မှာ အချက်အလက်တွေလည်းမပြည့်စုံ

ရှိသမျှကလည်း ကို့ ယို့ ကားယား ၊ဒီကြားထဲမှားတွဲချိတ်

ကိုယ့်အချက်အလက်နဲ့ ကိုယ်ပက်လက်လန်၊အလယ်အလတ်လမ်းစဉ်မှာ

အကြိမ်ကြိမ် ခလုတ်တိုက်....။

ဘာသာစကားနဲ့ ကာလတရားဆုံဆည်းကြတဲ့ စိတ်ပြင်မှာ

ဘာသာစကားနဲ့ ကာလတရား ကိုယ့်ကိုထွန်ယက်သွားကြတာ

သစ်ခက်နဲ့ ပွင့်ရွက်လို ကိုယ့်ကို ယှက်ဖွဲ့ သွားကြတာ...။

ရောင်းကုန်ရဲ့ လူ့ တန်ဖိုး ကို စွဲလန်းခြင်းဝေဒနာနဲ့ လက်ကျန်လက်ကိုင်အမှန်တရား

တမြိုမြို.....တစို့ စို့ .......။

ပုံသေမရှိတဲ့ သေပုံသေနည်းအမျိုးမျိုး တို့ ရဲ့ကကြိုးအောက်မှာဘယ်ဟာနဲ့ ဈေးတည့်မလဲ..။

”ထီထိုးတာ လူပေါက်သွားတယ်” လို့ ကြားတယ်

မနှဲလေးဖြစ်ဖြစ်၊အဘဘိုးမင်းခေါင်ဖြစ်ဖြစ်၊မင်းကြီးမင်းလေးနဲ့ ဖြစ်ဖြစ်၊ကိုကြီးကျော်နဲ့ ဖြစ်ဖြစ်..........ဖြစ်ဖြစ်

ဈေးမဆစ်နဲ့ .....တောင်းရင်ပေးလိုက်...။

ငွေကြေးလား၊ကြင်နာမှုလား၊ရောဂါလား

အဲဒီထဲမှာ အတုဖြစ်ဖြစ် အချစ်ကလေး နည်းနည်းမပါဘူးလား

မိုးသားများညို့ လာခိုက်....။

တံခါးဟင်းလင်းပွင့်ကျန်ခဲ့သည်လား စေ့စေ့တင်းပိတ်ကျန်ရစ်သည်လား

မမှတ်မိတော့ပါ...။

ကျကျနနထိုင်နေမိတဲ့ ထိုခဏဟာလည်း ဆည်းဆာအိုအို

ဖြစ်နေတတ်ပြန်ရဲ့...။

လည်ညောင်းအောင်မော့်ကြည့်မှ မြင်နေကျကောင်းကင်တစ်စကို

စနိုးစနောင့်ငေးကြောင်မိပြန်......။

ဟောင်းမြည့်နေတဲ့ သက္ကရာဇ်တွေ ၊ပေါက်ပြဲနေတဲ့ရာသီဥတုတွေ

ဝါကျင့်နွမ်းရော်နေတဲ့ သံစဉ်တွေ

ထိုင်းမှိုင်းလေးလံနေတဲ့ စာသားတွေ....။


Moe Eaint Phyu

This entry was posted on 00:39 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 comments

လဂွန်းအိမ် အဲလောက် တော်မှန်းခုမှ သိတယ်တော်...။ကြည့်ပါဦး အရေးအသားလေးက ကောင်းလိုက်တာ...
((ဘာသာစကားနဲ့ ကာလတရားဆုံဆည်းကြတဲ့ စိတ်ပြင်မှာ
ဘာသာစကားနဲ့ ကာလတရား ကိုယ့်ကိုထွန်ယက်သွားကြတာ
သစ်ခက်နဲ့ ပွင့်ရွက်လို ကိုယ့်ကို ယှက်ဖွဲ့ သွားကြတာ...။
ရောင်းကုန်ရဲ့ လူ့ တန်ဖိုး ကို စွဲလန်းခြင်းဝေဒနာနဲ့ လက်ကျန်လက်ကိုင်အမှန်တရား
တမြိုမြို.....တစို့ စို့ .......။))
သုံးနှုန်းသွားတဲ့ စကားလုံးတိုင်းကို လေးစားမိပါတယ်...။များများရေးပါနော်...အားပေးနေမယ်...
ခင်မင်စွာဖြင့်
နှင်း

Real Time Web Analytics