ပျော်ရွှင်ခြင်းကို ရွေးချယ်ပါ  

Posted by မိုးအိမ့်ဖြူ

Selma လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းနဲ့ အဖော်ပြုပြီး သဲကန္တာရတစ်ခုမှာရှိတဲ့ ကြည်းတပ် လေ့ကျင့်ရေးစခန်းကို လိုက်ပါသွားခဲ့ရတယ်။

ခင်ပွန်းဖြစ်သူ စစ်ရေးလေ့ကျင့်နေချိန်မှာ သူတစ်ယောက်တည်း သံထည်တွေနဲ့ဆောက်ထားတဲ့ တဲအိမ်ငယ်မှာ ကျန်ရစ်ခဲ့ရတယ်။

ရှားစောင်းပင်အရိပ်အောက်မှာတောင် ၅ဝံC ကျော်တဲ့ အပူချိန်ကို သူမခံနိုင်ခဲ့ဘူး။

သူ့ပတ်ဝန်းကျင်မှာလည်း အင်္ဂလိပ်စကားမတတ်တဲ့ မက်စီကိုနဲ့ အင်းဒီးယမ်းလူမျိုးတွေပဲ ရှိတာကြောင့် သူအဖော်မဲ့နေခဲ့တယ်။

ဒီလိုအပူဒဏ်နဲ့အထီးကျန်မှုကို မခံနိုင်တဲ့အဆုံး အရာအားလုံးကို စွန့်ပြီးသူပြန်ခဲ့မယ့်အကြောင်း ဖခင်ဆီSelmaစာရေးလိုက်တယ်။

စာပို့ပြီး မကြာဘူးဖခင်ဆီက ပြန်စာကို သူလက်ခံရခဲ့တယ်။ စာက တိုတိုလေးပဲ ရေးထားတယ်။

"တဲအိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်တဲ့ လူနှစ်ယောက်..တစ်ယောက်က ရွံ့တွေမြင်ခဲ့တယ်။

ကျန်တစ်ယောက်က ကြယ်လေးတွေကို မြင်ခဲ့တယ်"ဖခင်ရဲ့စာကို ဖတ်ပြီး သူအရမ်းရှက်ရွံ့မိတယ်။ သဲကန္တာရမှာ "ကြယ်" တွေကိုရှာဖို့ သူဆုံးဖြတ်လိုက်တယ်။

နယ်ခံလူတွေနဲ့ ရင်းနှီးအောင် သူစပြီးမိတ်ဆွေဖွဲ့တယ်။ သူတို့ရဲ့ ယက်ကန်းလုပ်ငန်း၊ အိုးလုပ်ငန်းတွေကို Selmaစိတ်ဝင်စားလာခဲ့တယ်။

သဲကန္တာရမှာ ပေါက်ရောက်နိုင်တဲ့ ရှားစောင်းပင်နဲ့အခြားအပင်တွေကို သူလေ့လာခဲ့တယ်။

နေဝင်ဆည်းဆာ အလှတွေကို ကြည့်ရှုခံစားပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သဲကန္တရ ပင်လယ်ဖြစ်စဉ် ကျန်ခဲ့တဲ့ခရုသင်းခွံတွေကိုပါ သူစိတ်ဝင်စားလာခဲ့တယ်။

အထီးကျန်ပြီး အနေခက်တဲ့ နေရာလေးက ခုတော့ Selma အတွက် စိတ်ဝင်စားစရာ၊အထူးအဆန်းတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။

ဒီပျော်ရွှင်မှုအတွက် အမှတ်တရခရီးသွားစာအုပ်အဖြစ် "Happy Palace" ဆိုတဲ့ စာအုပ်တစ်အုပ်ကိုသူရေးသားထုတ်ဝေခဲ့တယ်။

ဘယ်အရာတွေက Selma ကို ပြောင်းလဲစေခဲ့သလဲ?

သဲကန္တာရက သူ့ကို မပြောင်းလဲခဲ့သလို နယ်ခံ အင်းဒီးယမ်းတွေလည်း သူ့ကိုမပြောင်းလဲစေခဲ့ပါဘူး။

သူ့ကိုပြောင်းလဲစေခဲ့တာက သူ့ရဲ့စိတ်နေသဘောထားတွေပဲဖြစ်တယ်။

တခဏတွင်းမှာပဲ ပျင်းရိပူပြင်းတဲ့ ပတ်ဝန်းကျင်က သူ့အတွက်ပျော်စရာနဲ့ အဓိပ္ပါယ်ရှိတဲ့ နေရာဖြစ်သွားခဲ့တယ်။

နောက်ဆုံးမှာသူ့ကိုယ်ပိုင် "ကြယ်လေး" တွေကို Selma ရှာတွေ့ခဲ့တယ်။

ပျော်ရွှင်ခြင်းနဲ့ စိတ်ဆင်းရဲခြင်းက အမွှာညီအစ်ကိုတွေ ဖြစ်တယ်။

မတူတာကကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်။

နွေနဲ့ဆောင်းလို့ပဲ... တကယ်လို့ နွေရာသီကိုကိုယ်နှစ်သက်တယ်ဆိုရင် ကိုယ့်အတွက် ပျော်ရွှင်ခြင်းတွေကို နွေကသယ်ဆောင်လာလိမ့်မယ်လို့ ထင်တတ်ကြတယ်။

ဆောင်းရောက်ရင်ရော? ဆောင်းကကိုယ့်အတွက် နာကျင်ဝမ်းနည်းခြင်း သယ်ဆောင်မလာပါဘူး။

ဒါပေမယ့် နွေကိုပိုနှစ်သက်မိတဲ့အတွက် ဆောင်းကို လျှစ်လျှူရှူမိတတ်ကြတယ်။

ဒါကြောင့်ဆောင်းရောက်တိုင်း နာကျင် ဝမ်းနည်းမှုတွေကို ခံစားရတယ်။ နွေနဲ့ဆောင်းကိုမျှခံစားကြည့်မှ မတူတဲ့ရာသီတွေမှာလည်း ပျော်ရွှင်ခြင်းတွေရှိကြောင်းကျွန်မတို့ သိနိုင်မှာဖြစ်တယ်။

လောကကြီးမှာ မတူတဲ့ရှုထောင့်၊ အမြင်တွေကြောင့် အကောင်း၊ အဆိုးနဲ့ပိုင်းဖြတ်လို့မရတဲ့ အရာတွေ အများကြီးရှိတတ်ကြတယ်။

ဒါကြောင့်ကိစ္စရပ်တစ်ခုခုနဲ့ ကြုံကြိုက်တဲ့အချိန် ပျော်ရွှင်ခြင်းကို သိမ်းဆည်းပြီးစိတ်ဆင်းရဲခြင်းကို ဘယ်လိုကွေ့ရှောင်သွားမယ်ဆိုတာ သိဖို့ပိုအရေးကြီးပါတယ်။

၁၉ရာစုမှာ ဂျာမဏီစိတ်ပညာရှင် Arthur Schopenhauer က"အရာဝတ္ထုတွေက လူတွေကိုအကျိုးမသက်ရောက်စေဘူး။

အရာဝတ္ထုကို ကြည့်တဲ့ လူတွေရဲ့အကြည့်တွေကသာသူတို့ကို ပြန်အကျိုးသက်ရောက်စေတာ ဖြစ်တယ်" လို့ ပြောခဲ့တယ်။

ဘဝက အနုပညာပါ။ ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းကကိုယ့်ရွေးချယ်မှုပေါ်မှာပဲ မှုတည်ခဲ့ပါတယ်။ သေးမွှားတဲ့စိတ်ဆင်းရဲခြင်းတွေနဲ့ ကိုယ့်မျက်လုံးအစုံကို မဖုံးအုပ်ထားရင်...

နာကျည်းခြင်းတွေနဲ့ ကိုယ့်စိတ်ဝိညာဉ်ကို မဖိထားရင် ...

ပျော်ရွှင်ခြင်းတွေက ကောင်းကင်ပေါ် ပက်ကြဲထားတဲ့ ကြယ်လေးတွေလို့ကျွန်မတို့ရဲ့ ဘဝထောင့်ချိုးတိုင်းမှာ လင်းလက်နေတယ်ဆိုတာတွေ့ရပါလိမ့်မယ်။

ဖခင်ရဲ့စာထဲကနေ သူစိတ်ဆင်းရဲရတဲ့ရင်းမြစ်ကို Selma ရှာတွေ့ခဲ့တယ်။

စိတ်ဆင်းရဲတာတွေကို ဘယ်လိုစိတ်ထားနဲ့ ကိုယ်ရင်ဆိုင်ဖြေရှင်းမလဲ?

ကိုယ့်စိတ်ထား၊ ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ပျော်ရွှင်တဲ့စိတ်ထားနဲ့ရင်ဆိုင်ဖြေရှင်းရင် ပျော်ရွှင်ခြင်းကို ကိုယ်ရမယ်။

မရင်ဆိုင်နိုင်ခဲ့ရင်စိတ်ဆင်းရဲခြင်းပေါ် စိတ်ဆင်းရဲခြင်းထပ်ပြီး ကိုယ်ပိုခံစားရလိမ့်မယ်။

ပျော်ရွှင်ခြင်းကို ယူမလား? လက်လွတ်မလား? ကိုယ့်ရွေးချယ်မှုနဲ့ပဲ ဆိုင်ပါတော့တယ်။

This entry was posted on 20:52 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 comments

Real Time Web Analytics